ယေ​ဇ​ကျေ​လ 16:52-59 BJB

52 သင်သည်ညီအစ်တို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင် ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံရလော့။

53 သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တဖန် ငါဆောင်ခဲ့သောအခါ၊ သိမ်းသွားခြင်းကို ခံရသောသင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။

54 သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။

55 သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏ သမီးတို့နှင့်တကွ အရင်နေရာသို့ပြန်ရောက်ရလိမ့်မည်။

56-57 ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည် မာန ထောင်လွှားစဉ်ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။

58 ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

59 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ၊ သစ္စာဂတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။