ယေ​ဇ​ကျေ​လ 26:12-18 BJB

12 သင်၏ဥစ္စာကို လုယူ၍သင်၏ကုန်များကိုလည်း သိမ်းယူကြလိမ့်မည်။ သင်၏အုတ်ထရံတို့ကို ဖြို၍ဘုံဗိမာန် တို့ကို ဖျက်ပြီးလျှင်၊ သင်၏ ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာ ချပစ်ကြလိမ့်မည်။

13 သင်ဆိုသောသီချင်းသံကို ငါငြိမ်းစေ၍၊ သင်တီးသော စောင်းသံကို နောက်တဖန် အဘယ်သူမျှမကြားရ။

14 သင်သည် ရှင်းလင်းသောကျောက်ကဲ့သို့ ငိုက်ကွန်လှန်ရာ အရပ်ဖြစ်ရလိမ့်မည်။ နောက်တဖန် မတည်ပြန်ရ။ ငါထာဝရဘုရားပြောပြီဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

15 တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်းအသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။

16 သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ်က ဆင်း၍၊ အင်္ကျီတော်ကို၎င်း၊ ချယ်လှယ်သောအဝတ်တော်ကို၎င်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။

17 သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ်သားနေ၍ ပင်လယ်၌ အားကြီးသောမြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသောမြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။

18 သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။