6 မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့သည် နေကြ၏။
7 ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသောကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။
8 ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန်ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင်ကဲ့သို့ အဆင်းမလှ။
9 ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
10 တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသောကြောင့်၊
11 လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။
12 ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသားတို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။