9 ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ်တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူသည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
10 တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသောကြောင့်၊
11 လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သောသူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။
12 ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသားတို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက်တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်းတို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။
13 မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန်အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့အပေါ်မှာ နေရကြ၏။
14 အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ်ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်းတည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေအောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။
15 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲသောအရပ်ကို သူ့အဘို့မသာအဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ်ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက်ကြ၏။