21 သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
22 ထိုသူမရောက်မှီ ညဦးမှစ၍ သူရောက်သော နံနက်အချိန်တိုင်အောင်၊ ထာဝရဘုရားသည် လက်တော်ကို ငါ့အပေါ်၌တင်၍ ငါ့နှုတ်ကိုဖွင့်တော်မူသဖြင့်၊ ငါသည် စကားမပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
23 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
24 အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသောသူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
25 သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သွေးနှင့်တကွ အမဲသားကို စားလျက်၊ ရုပ်တုတို့ကို ဖူးမြော်လျက်၊ လူအသက်ကိုလည်း သက်လျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
26 ထားကို ခိုလှုံလျက်၊ စက်ဆုပ်ဘွယ်သောအမှုကို ပြုလျက်၊ အိမ်နီးချင်းမယားကို ပြစ်မှားလျက်နှင့်ပင်၊ ဤပြည်ကို ပိုင်ရကြမည်လော။
27 တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီးသော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့သည် ကာလနာနှင့် သေရကြလိမ့်မည်။