ယေ​ဇ​ကျေ​လ 34:27-31 BJB

27 တောသစ်ပင်သည် အသီးကို သီးလိမ့်မည်။ မြေသည်လည်း အသီးအနှံကိုပေးလိမ့်မည်။ ပြည်သား တို့သည် ငြိမ်ဝပ်စွာနေရကြလိမ့်မည်။ သူတို့ထမ်းသော ထမ်းပိုးကြိုးကို ငါဖြတ်၍၊ အနိုင်အထက်စေခိုင်သောသူတို့ လက်မှကယ်နှုတ်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။

28 နောက်တဖန်တပါး အမျိုးသားတို့သည် မလုမယူရကြ။ ပြည်သားရဲတို့သည်လည်း ကိုက်၍မစားရကြ။ အဘယ်သူမျှမကြောက်စေဘဲ၊ သူတို့သည် ငြိမ်ဝပ်စွာ နေရကြလိမ့်မည်။

29 အသရေရှိသော ဥယျာဉ်ကိုလည်း သူတို့အဘို့ ငါပြုစုမည်။ နောက်တဖန်ပြည်၌ အစာအဟာရ ခေါင်းပါး၍၊ သူတို့သည်မွတ်သိပ်ခြင်းကို မခံရကြ။ တပါး အမျိုးသားတို့၏ကဲ့ရဲ့ခြင်းကိုလည်း မခံရကြ။

30 သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်းကို၎င်း၊ ဣသရေလအမျိုးသား တည်းဟူသောသူတို့သည် ငါ၏လူဖြစ်ကြောင်းကို၎င်း သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

31 ငါ၏ကျက်စားရာအရပ်၌ရှိသော ငါ့သိုးတို့၊ သင်တို့သည်လူဖြစ်ကြ၏။ ငါသည်လည်း သင်တို့၏ဘုရားသခင် ဖြစ်သည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။