ယေ​ဇ​ကျေ​လ 38:13-19 BJB

13 ရှေဘပြည်သား၊ ဒေဒန်ပြည်သား၊ တာရှုကုန်သည်များ၊ ခြင်္သေ့ပျိုယူခြင်းငှါ လာသလော။ သူ့ ဥစ္စာကို ဝေငှ၍၎င်း သိမ်းသွားလျက်၊ များစွာသော လုယက်ဖျက်ဆီးခြင်းငှါ အပေါင်းအသင်းကို စုဝေးစေပြီလောဟု မေးမြန်းကြလိမ့်မည်။

14 သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဂေါဂအားဆင့်ဆို ရမည်မှာ၊ ငါ၏လူ ဣသရေလအမျိုးသားတို့သည် ငြိမ်ဝပ်စွာနေသောအခါ သင်သည်သိ၍၊

15 မြင်းစီးသောသူ အလုံးအရင်းအပေါင်း၊ အားကြီးသောစစ်သူရဲအပေါင်းတို့နှင့်တကွ မြောက်မျက်နှာမှ ချီလာမည်။

16 ပြည်ကို မိုဃ်းအုံ့သကဲ့သို့ ငါ၏လူဣသရေလ အမျိုးသားတို့ကို တက်၍တိုက်လာမည်။ နောင်ကာလတွင် ငါ၏ပြည်တဘက်၌ သင့်ကို ငါဆောင်ခဲ့မည်မဟုတ်လော။ အကြောင်းမူကား၊ အိုဂေါဂ၊ လူအမျိုးမျိုးတို့ မျက်မှောက်၌ သင့်အားဖြင့် ငါသည်ချီးမြှောက်ရာသို့ ရောက်သောအခါ၊ သူတို့သည် ငါ့ကိုသိရကြမည်အကြောင်းတည်း။

17 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် စစ်ချီစေမည် ဟု၊ လွန်လေပြီးသောရှေးကာလ၌ ပရောဖက်ပြုသောငါ၏ ကျွန်ဣသရေလ ပရောဖက်တို့အား ငါသည်ဗျာဒိတ်ပေးသောအခါ၊ သင့်ကို ရည်မှတ်သည်မဟုတ်လော။

18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင်ဂေါဂသည် ဣသရေလပြည်ကို တိုက်လာသောကာလအခါ၊ ငါသည် ဒေါသအရှိန် ထ၍ အမျက်ထွက်လိမ့်မည်။

19 အကယ်စင်စစ် ထိုအခါ ဣသရေလပြည်၌ကြီးစွာသော လှုပ်ရှားခြင်းဖြစ်လိမ့်မည်ဟု ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ။