ယေ​ဇ​ကျေ​လ 46:16-22 BJB

16 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။

17 မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရမည်။

18 ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။

19 ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ်ပုရောဟိတ် သန့်ရှင်းသော အခန်းများထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။

20 ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်းစေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။

21 တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။

22 ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။