ယေ​ဇ​ကျေ​လ 8:4-10 BJB

4 လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံကဲ့သို့၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။

5 အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့်လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ၏။

6 တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြသောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊

7 တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ၏။

8 တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။

9 ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊

10 ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။