4 ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
5 အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။
6 အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
7 တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက်သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
8 ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော်မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
9 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်းအပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရားသည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
10 ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။