ယေ​ရ​မိ 12:10-16 BJB

10 များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ်ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်းကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။

11 သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။

12 တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။

13 သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။

14 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။

15 နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သောမြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန်ပို့မည်။

16 ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည်စေမည်။