ယေ​ရ​မိ 14:14-20 BJB

14 ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏ နာမကိုအမှီပြု၍ မုသာကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ ဟောပြောချက်တို့သည် မျက်စိကို လှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်း နှီးကြံစည်ခြင်း၊ မိမိဥာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။

15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ဆုံးရကြလိမ့်မည်။

16 သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှ စ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ထားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကို ခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွန်းလောင်းမည်။

17 သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညဉ့်မပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကို ခံရ၍ အရိုးများကျိုးလေပြီ။

18 ငါသည်မြို့ပြင်သို့သွားသောအခါ၊ သတ်သော အသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသော သူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။

19 ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင် ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက်ခြင်းကို မြော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မြော်လင့်သော်လည်း၊ ဘေးနှင့်သာ တွေ့ရကြပါ၏။

20 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်ဒုစရိုက်များနှင့် ဘိုးဘေးတို့၏ အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။