ယေ​ရ​မိ 16:10-16 BJB

10 သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသောအပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊

11 သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့် သောကြောင့်၎င်း၊

12 ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသောသဘောသို့ လိုက်သောကြောင့်၎င်း၊

13 သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည်။

14 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊

15 ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။

16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။