14 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
15 ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။
16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
17 သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြသည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍ မထားနိုင်။
18 သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံသော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆသော အပြစ်ဒဏ်ကို ငါပေးမည်။
19 အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
20 လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော။