5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6 ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7 ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။
8 ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်နှင့်အတူ၏။
9 စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10 ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
11 ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသောသူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။