ယေ​ရ​မိ 18:14-20 BJB

14 လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန်တောင်၏ မိုဃ်းပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။

15 ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီးသော အရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလမှစ၍ လိုက်ဘူးသော လမ်းတို့၌လဲ တတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီတကား။

16 ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ မိမိတို့ ခေါင်းကို ညှိတ်ကြလိမ့်မည်။

17 ငါသည်အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အား မျက်နှာကို မပြ၊ ကျောကိုပြမည်။

18 သူတို့ကလည်း လာကြ။ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌၎င်း၊ ပညာရှိသော သူသည် အကြံပေးခြင်းအမှု၌၎င်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌၎င်း အရှုံးမခံရ။ လာကြ။ ယေရမိကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲနေကြကုန်အံ့ဟု ဆိုကြ၏။

19 အို ထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သော သူတို့၏ စကားကို မှတ်တော်မူပါ။

20 ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက်၍၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။