1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက်ကြီးသောလူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့တို့နှင့်တကွ၊
2 ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကားဟူမူကား၊
3 အိုယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
4 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။