4 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တကျွန်းတနိုင်ငံ ဘုရားတို့ ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တကျွန်း တနိုင်ငံ မြေဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏ အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
5 ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသော ဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာ ဝတ်ပြုခြင်းငှါ၊ ဗာလဘုရားဘို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
6 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဖက်အရပ်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
7 ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည် သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ထားဖြင့်၎င်း၊ သတ်ခြင်းငှါ ရှာသောသူ၏ လက်ဖြင့်၎င်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင် များကိုလည်း မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲစားစရာဘို့ ငါထားမည်။
8 ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ်ဖြစ်စေမည်။ လမ်း၌ရှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သောအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
9 သတ်ခြင်းငှါ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက် နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်း ချင်းတယောက်အသားကို တယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
10 သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူးကိုခွဲလော့။