6 ဤမြို့၌နေသော လူသတ္တဝါတိရစ္ဆာန်တို့ကို ငါသည် ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရကြလိမ့်မည်။
7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ထားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
8 ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့ အား ဆင့်ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ ရှေ့မှာ ငါဖွင့်ထား၏။
9 ဤမြို့ထဲမှာနေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသော သူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှါ ငါသည် မျက်နှာထား သည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
11 ယုဒရှင်ဘုရင် အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။
12 အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသော ဒုစရိုက် အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။