15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရဇ်သစ်သား၏ ဂုဏ်ကိုကိုးစားသောကြောင့် စိုးစံရမည်လော။ သင်၏ အဘသည်ဝစွာ စားသောက်ရသည် မဟုတ်လော။ တရားသဖြင့် စီရင်ဆုံးဖြတ်သည်မဟုတ်လော။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏။
16 သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်း ရှိ၏။ ငါ့ကိုသိသော အကျိုးမဟုတ်လော။
17 သင်၏ မျက်စိနှင့် သင်၏နှလုံးမူကား၊ လောဘလွန်ကျူးခြင်း၊ အပြစ်မရှိသောသူကို သတ်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းမှတပါး၊ အဘယ်အမှုကိုမျှ မမှတ်တတ်။
18 ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောရှိမင်းကြီး၏သား ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထိုမင်းသေသောအခါ လူများတို့က၊ ဩ ငါ့အစ်ကို၊ ဩ ငါ့နှမ ဟူ၍ မငိုကြွေးရကြ။ သူ၏ အတွက်လည်း၊ ဩ သခင်၊ ဩ အရှင်မ၏ ဘုန်းဟူ၍ မမြည်တမ်းရကြ။
19 ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
20 လေဗနုန်တောင်ပေါ်သို့ တက်၍ ကြွေးကြော်လော့။ ဗာရှန်ပြည်၌ အော်ဟစ်လော့။ အာဗရိမ်အရပ်မှာ အသံကိုလွှင့်လော့။ အကြောင်းမူကား၊ သင်၏မိတ်ဆွေ အပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
21 သင်သည် ကောင်းစားသောအခါ ငါသတိပေး၏။ သင်က၊ ငါနားမထောင်ဟု ပြန်ပြော၏။ ငယ်သောအရွယ်မှစ၍ ငါ့စကားကို နားမထောင်ဘဲ နေမြဲရှိ၏။