ယေ​ရ​မိ 22:4-10 BJB

4 အကြောင်းမူကား၊ သင်တို့သည် ဤပညတ်တော်အတိုင်း အမှန်ပြုလျှင်၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်တို့သည် ကျွန်များ၊ နိုင်ငံတော်သားများနှင့်တကွ၊ ဤနန်းတော်တံခါးများကို ထွက်ဝင်ရကြလိမ့်မည်။

5 သို့မဟုတ်၊ သင်တို့သည် ဤအမိန့်တော်ကို နားမထောင်ဘဲနေလျှင်၊ ဤနန်းတော်သည် လူဆိတ်ညံသော အရပ်ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရားသည် ကိုယ်ကိုကိုယ် တိုင်တည်၍ မိန့်တော်မူ၏။

6 ယုဒရှင်ဘုရင်၏ နန်းတော်ကို ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ငါ၌ ဂိလဒ်အရပ်ကဲ့သို့၎င်း၊ လေဗနုန်တောင်ထိပ်ကဲ့သို့၎င်း ဖြစ်သော်လည်း၊ အကယ်စင်စစ် ငါသည်သင့်ကို လူမနေသော မြို့ကဲ့သို့ တောဖြစ်စေမည်။

7 သင့်ကို ဖျက်ဆီးစေခြင်းငှါ၊ ထားနှင့်ပုဆိန်ပါသော သူတို့ကို ငါပြင်ဆင်သဖြင့်၊ သူတို့သည် သင်၌ အမြတ်ဆုံးသော အာရဇပင်တို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ကြလိမ့်မည်။

8 လူအမျိုးမျိုးတို့သည် ဤမြို့အနားမှာ ရှောက် သွားလျက်၊ ထာဝရဘုရားသည် ဤမြို့ကြီးကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု၊ တယောက်ကို တယောက်မေးကြသည်ရှိသော်၊

9 ဤ မြို့သားတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်ကို စွန့်ပစ်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ဤသို့ ပြုတော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။

10 သေသောသူအတွက် ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။ အခြားတပါးသို့ သွားသောသူအတွက် ငိုကြွေးခြင်းကို ပြုကြလော့။ သူသည် နောက်တဖန်ပြန်၍မလာရ။ မိမိမွေးဘွားရာဌာနကို မမြင်ရ။