ယေ​ရ​မိ 24:1-6 BJB

1 ထာဝရဘုရား ပြတော်မူသော ရူပါရုံဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယောယကိမ်သားယေခါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောနောက်၊ ထာဝရဘုရား၏ ဗိမာန်တော်ရှေ့၌ထားသော သင်္ဘောသဖန်းသီး တောင်းနှစ်လုံးသည် ထင်ရှားလေ၏။

2 တောင်းတလုံး၌ကား၊ အဦးမှည့်သော သင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မစားနိုင်အောင် အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။

3 ထာဝရဘုရားကလည်း၊ ယေရမိ၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးတော်မူလျှင်၊ အကျွန်ုပ်သည် သင်္ဘောဖန်းသီးကို မြင်ပါ၏။ ကောင်းသော သင်္ဘောဖန်းသီးသည် အလွန်ကောင်းပါ၏။ ညံ့သော သင်္ဘေသဖန်းသီးသည် မစားနိုင်အောင် အလွန်ညံ့ပါသည်ဟု ပြန်လျှောက်၏။

4 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

5 ဤအရပ်မှ ခါလဒဲပြည်သို့ ငါစေလွှတ်၍ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားတို့သည်၊ ဤကောင်းသော သင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံမည်။

6 သူတို့၌ ကျေးဇူးပြုမည်ဟု ငါကြံစည်၍၊ ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်။ နောက်တဖန် မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနှုတ်မပယ်ဘဲစိုက်ထားမည်။