ယေ​ရ​မိ 25:30-36 BJB

30 ထိုကြောင့်၊ သင်သည် ပရောဖက်ပြုလျက် သူတို့အား ဟောပြောရသောစကားများဟူမူကား၊ ထာဝရ ဘုရားသည် မြင့်သောအရပ်က ကြွေးကြော်တော်မူမည်။ သန့်ရှင်းသော ဘုံဗိမာန်တော်က အသံကို လွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာန တဘက်၌ ပြင်းစွာ ကြွေးကြော်တော်မူမည်။ စပျစ်သီးကို နင်းနယ် သောသူများ အော်ဟစ်သကဲ့သို့၊ မြေကြီးသားများ တဘက်၌ အော်ဟစ်တော်မူမည်။

31 မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့် တရားတွေ့စရာ အကြောင်းရှိ၍၊ ခပ်သိမ်းသော သတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ထားနှင့်ကွပ်မျက်စေခြင်းငှါ အပ်တော်မူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

32 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးသည် တပြည်မှတပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည် ထလိမ့်မည်။

33 ထိုအခါ ထာဝရဘုရား ကွပ်မျက်တော်မူခြင်းကို ခံရသော သူတို့သည် မြေကြီးတဘက်မှတဘက် တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။

34 အို သိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အို သိုးကြီးသိုးမြတ်တို့၊ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကို သတ်ရသော အချိန်ရောက်လေပြီ။ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။

35 သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီး သိုးမြတ်တို့သည် လွတ်ရာလမ်းကို ရှာ၍ မတွေ့ရကြ။

36 သိုးထိန်းများ ငိုကြွေးသံနှင့် သိုးကြီး သိုးမြတ်များ မြည်သံကိုကြားရ၏။ အကြောင်းမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။