ယေ​ရ​မိ 27:3-9 BJB

3 ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းဘိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ ပေးလိုက်လော့။

4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့ အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊

5 ငါသည် မဟာတန်ခိုးနှင့်လက်ရုံးကို ဆန့်လျက် မြေကြီးကို၎င်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကို၎င်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အား ပေး၏။

6 ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန် ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဘို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။

7 သူ၏နိုင်ငံ ဆုံးချိန်မရောက်မှီတိုင်အောင်၊ ဤ ပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေး အမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။

8 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အစေကိုမခံ၊ သူ၏ထမ်းဘိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ ဆုံးရှုံးစေခြင်းငှါ၊ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။

9 သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အားပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သော ဆရာတို့၏ စကားကို နားမထောင်ကြနှင့်။