ယေ​ရ​မိ 29:1-7 BJB

1 ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော် မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊

2 ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သား ဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည် စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊

3 ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့ နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊

4 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အား မိန့်တော်မူသည်ကား၊

5 အိမ်တို့ကိုဆောက်၍ နေရာချကြလော့။

6 ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကို ဘွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တယောက်ကိုတယောက်ပေးစား၍၊ တဖန်သားသမီးကို ဘွားမြင်စေကြလော့။

7 ငါသည် သင်တို့ကို သိမ်းသွားစေသောမြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဘို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်းရှိကြလိမ့်မည်။