10 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့ကျွန် ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ၎င်း၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
11 တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြားစေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။
12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာသည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ၏။
13 သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
14 သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။
15 သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ် ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။
16 သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။