11 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
12 ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ်ခြင်း မရှိရ။
13 ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
14 ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
17 သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။