ယေ​ရ​မိ 31:18-24 BJB

18 ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။

19 ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသောအပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက် ကြားရပြီ။

20 ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

21 လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။

22 အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။

23 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ်ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်းဟူသောစကားကို တဖန်သုံးကြလိမ့်မည်။

24 ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။