ယေ​ရ​မိ 38:16-22 BJB

16 ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သော သတ္တဝါဖြစ်စေခြင်းငှါ ဖန်ဆင်းသော ထာဝရ ဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါ မအပ်ဟု ယေရမိအားတိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။

17 ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့်လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော် မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။

18 သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲ လူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့်မလွတ်ရဟု ဇေဒကိကို လျှောက်ဆို၏။

19 ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကိုသူတို့ လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်း ကိုခံရမည်စိုးရိမ်သည် ဟုဆိုလျှင်၊

20 ယေရမိက၊ ကိုယ်တော်ကိုမအပ်ရ။ အကျွန်ုပ် ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ။ ထိုသို့ပြုလျှင် ချမ်းသာရ၍ အသက်ရှင်တော်မူမည်။

21 သို့မဟုတ်၊ ကိုယ်တော်က၊ ငါမထွက်မသွားဟု ငြင်းလျှင်၊ အကျွန်ုပ်အား ထာဝရဘုရား ပြတော်မူသော အရာဟူမူကား၊

22 နန်းတော်၌ ကျန်ကြွင်းသမျှသောမိန်းမတို့ကို ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ ထုတ်ဆောင်ကြလိမ့်မည်။ ထိုမိန်းမတို့ကလည်း၊ ကိုယ်တော်၏အဆွေခင်ပွန်းတို့သည် သွေးဆောင်၍ နိုင်ကြပြီ။ ခြေတော်သည် ရွှံ့၌ ကျွံ၍၊ သူတို့သည် ဆုတ်သွားကြပြီဟု ကိုယ်တော်အား ဆိုကြလိမ့်မည်။