ယေ​ရ​မိ 40:3-9 BJB

3 ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။

4 ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသောသံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။

5 ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံ သို့ပြန်၍၊ ပြည်သားများနှင့်အတူနေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကို ပေး၍လွှတ်လိုက်လေ၏။

6 ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။

7 ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူရာ၌ မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသောတပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊

8 နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊

9 ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။