1 အဲဂုတ္တု ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ နောဖမြို့၊ ပါသရုအရပ်၌နေသော ယုဒလူအပေါင်းတို့ကို ရည်မှတ်၍ ယေရမိသို့ ရောက်လာသော နှုတ်ကပတ်တော်အားဖြင့်၊
2 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့ အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
3 ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင်မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။
4 ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို ငါသည် စောစောထ၍ သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်လျက်၊ ငါမုန်းသောအမှု၊ ဤစက်ဆုပ်ရွံရှာဘွယ်သောအမှုကို မပြုပါနှင့်ဟု ပြောသော်လည်း၊
5 သူတို့သည်အခြားတပါးသော ဘုရားအားနံ့သာ ပေါင်းကို မီးမရှို့၊ ဒုစရိုက်ကို ရှောင်မည်အကြောင်း နားထောင်ခြင်းကို မပြု၊မနာမယူဘဲ နေကြ၏။