14 ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုးသားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။
15 တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာမည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
16 ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံသောသူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
17 ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွားသော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
18 သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
19 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
20 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက်၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီးလိမ့်မည်။