4 ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိသောကြောင့် မိုက်ကြ၏။
5 လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။
6 ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက်သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
7 ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
8 ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။
9 ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10 မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီးခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရားဆိုင်တော်မမူ။