1 ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့်ခါလဒဲပြည်ကို ရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောစကားဟူမူကား၊
2 လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
3 လူတမျိုးသည် မြောက်မျက်နှာမှလာ၍ ဗာဗုလုန်ပြည်ကို သုတ်သင်ပယ်ရှင်းလိမ့်မည်။ နေသောသူမရှိရ။ လူနှင့်တိရစ္ဆာန်တို့သည်။ အကုန်အစင် ထွက်သွားကြလိမ့်မည်။
4 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ဣသရေလအမျိုးသား တို့သည် ယုဒအမျိုးသားတို့နှင့် ပေါင်းဘက်၍လာကြလိမ့်မည်။ မျက်ရည်ကျလျက်၊ ခရီးသွားလျက်၊ သူတို့၏ဘုရားသခင်ထာဝရဘုရားကို သွား၍ ရှာကြလိမ့်မည်။
5 ဇိအုန်မြို့သို့ မျက်နှာပြု၍ လမ်းကို ရှာကြလိမ့်မည်။ အစဉ်မမေ့လျော့ရသော ပဋိညာဉ်အားဖြင့် ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ မိဿဟာယဖွဲ့ကြလိမ့်မည်။
6 ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာလမ်းလွဲစေကြပြီ။ သူတို့သည်တောင်တလုံးမှတလုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကိုမေ့လျော့ကြပြီ။
7 သူတို့ကို တွေ့ကြုံသမျှသောသူတို့သည် ကိုက်စားကြပြီ။ ရန်သူတို့က၊ သူတို့သည်တရားသော ငြိမ်ဝပ်ရာ၊ ဘိုးဘေးတို့ခိုလှုံရာ ထာဝရဘုရားကိုပြစ်မှားသောကြောင့်၊ ငါတို့သည်ကိုက်စားသော်လည်း မလွန်ကျူးဟု ပြောဆိုကြပြီ။