27 သူ၏နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသော အချိန်ရောက်လေပြီ။
28 ငါတို့ဘုရားသခင်ထာဝရဘုရား၏ အမျက်တော်ပြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက် ဒဏ်ပေးခြင်းသိတင်းကို ဇိအုန်မြို့၌ကြားပြေအံ့သောငှါ၊ ဗာဗုလုန်ပြည်မှ ပြေးလွတ်သောသူတို့၏ အသံကို ကြားရ၏။
29 လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရဘုရားတဘက်၌ ဝါကြွားပြီတကား။
30 ထိုကြောင့်၊ မြို့သားလုလင်တို့သည် လမ်းမတို့၌ လဲနေ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
31 ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုမာနကြီးသောသူ၊ သင့်တဘက်၌ ငါနေ၏။ အကယ်စင်စစ်သင်၏အချိန်၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်လေပြီ။
32 မာနကြီးသောသူသည် ထိမိ၍ လဲပြီးမှ အဘယ်သူမျှမကြွရ။ ငါသည်လည်း သူ့နေရာမြို့တို့ကို မီးရှို့၍၊ သူ့ပတ်လည်၌နေသောသူအပေါင်းတို့ကို လောင်လိမ့်မည် ဟု မိန့်တော်မူ၏။
33 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့နှင့် တကွယုဒအမျိုးသားတို့သည် ညှဉ်းဆဲခြင်းကို ခံရကြပြီ။ သူတို့ကိုသိမ်းသွားသော သူရှိသမျှတို့သည် ချုပ်ထားပြီးလျှင်၊ ငါတို့သည် မလွှတ်ဟု ငြင်းပယ်လျက်နေကြပြီ။