39 ထိုကြောင့်၊ တောသားရဲတို့သည် တောခွေးတို့နှင့်တကွ ထိုမြို့၌ နေကြလိမ့်မည်။ ကုလားအုပ်ငှက်တို့ သည်လည်း နေရာကျကြလိမ့်မည်။ နောက်တဖန် အဘယ်သူမျှမနေရ။ ကာလအစဉ်အဆက် လူနေရာမဖြစ်ရ။
40 သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးဆပ်သော မြို့များကို ဘုရားသခင်ဖျက်ဆီးတော်မူသဖြင့် လူဆိတ်ညံသကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမနေရ၊ လူသားတစုံတယောက်မျှနေရာမကျရဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
41 ကြည့်ရှုလော့။ လူမျိုးတမျိုးသည် မြောက်မျက်နှာမှ လာ၏။ ကြီးစွာသော လူမျိုးနှင့်များစွာသော ရှင်ဘုရင်တို့ သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။
42 လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သော အမျိုးဖြစ်၍ သနားခြင်းကရုဏာမရှိ။ သူတို့စကား သံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဗာဗုလုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက်မြင်း စီး၍၊သင်ရှိရာသို့ ချီလာကြလိမ့်မည်။
43 သူတို့၏သိတင်းကို ဗာဗုလုန်ရှင်ဘုရင်သည် ကြား၍လက်အားလျော့၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရသကဲ့သို့ ပြင်းစွာသောဝေဒနာကို၎င်း ခံရ၏။
44 ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကို လည်းဗာဗုလုန်မြို့အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
45 သို့ဖြစ်၍၊ ထာဝရဘုရားသည် ဗာဗုလုန်မြို့တဘက်၌ ကြံစည်တော်မူသောအကြံ၊ ခါလဒဲပြည်တဘက်၌ ကြံစည်တော်မူသောအကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည် အားမရှိသော ထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စားရာအရပ်ကို ဖျက်ဆီးလိမ့်မည်။