31-32 ရန်သူတို့သည် မြို့တော်ကို တဘက်တချက် တိုက်ဝင်ကြပြီဟူ၍၎င်း၊ လမ်းဝကို ပိတ်ထား၍ ရေကန် နားမှာမီးရှို့ကြောင်းနှင့်၊ စစ်သူရဲတို့သည် ကြောက်လန့်လျက်ရှိကြပြီဟူ၍၎င်း၊ ဗာဗုလုန်ရှင်ဘုရင်အား ကြားလျှောက်အံ့သောငှါ၊ မင်းလုလင်ချင်းတယောက်ကိုတယောက်၊ စေလွှတ်သူချင်းတယောက်ကိုတယောက် တွေ့ကြုံလျက် ပြေးလာကြ၏။
33 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်သတို့သမီးသည် စပါးနယ်ရသော ကောက်နယ်တလင်းကဲ့သို့ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
34 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို ကိုက်စား၍ နှိပ်စက်ပါပြီ။ ငါတို့ကို ဟင်းလင်းသောအိုးဖြစ်စေပါပြီ။ နဂါးမျိုတတ်သကဲ့သို့ ငါတို့ကို မျို၍၊ ငါတို့ ပျော်မွေ့စရာအရာတို့နှင့်မိမိဝမ်းကို ပြည့်စေပါပြီ။ ငါတို့ကို နှင်ထုတ်ပါပြီ။
35 ဇိအုန်မြို့သမီးက၊ ငါ၏ကိုယ်နှင့်ငါ၏အသား၌ ပြုသောအဓမ္မအမှုသည် ဗာဗုလုန်မြို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း၊ ယေရုရှလင်မြို့ကလည်း၊ ငါ၏အသွေးသည် ခါလအဲပြည်သားတို့အပေါ်သို့ ရောက်ပါစေဟူ၍၎င်း ဆိုရ၏။
36 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။
37 ဗာဗုလုန်မြို့သည် အမှိုက်ပုံ၊ မြေခွေးနေရာတွင်း၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံပြုရာ၊ လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်။
38 ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြို့သားတို့ သည်ခြင်္သေ့ကဲ့သို့ ဟောက်သောအသံ၊ ခြင်္သေ့သငယ်ကဲ့သို့ မြည်သောအသံကိုတညီတည်း ပြုကြလိမ့်မည်။