ယေ​ရ​မိ 52:11-17 BJB

11 ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။

12 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊

13 ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။

14 ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲအပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ကြ၏။

15 ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။

16 သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကို ထားခဲ့လေ၏။

17 ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွားကြ၏။