9 ထိုသို့သော အပြစ်တို့ကို ငါမစစ်ကြောဘဲနေရ မည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲ မပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
10 တောင်များ၊ လွင်ပြင်များတို့အတွက် ငါသည် ငိုကြွေးမြည်တမ်းခြင်းကို ပြုရမည်။ ထိုအရပ်တို့၌ မီးလောင်သောကြောင့်၊ လူသည်မရှောက် မသွားရ။ သိုး နွား မြည်သံကို မကြားရ။ မိုဃ်းကောင်းကင်ငှက်နှင့် သားရဲတို့သည် ထွက်ပြေးရကြပြီ။
11 ငါသည် ယေရုရှလင်မြို့ကို အမှိုက်ပုံ၊ မြေခွေး နေရာတွင်း ဖြစ်စေမည်။ ယုဒမြို့ရွာတို့ကိုလည်း၊ လူ ဆိတ်ညံရာအရပ်ဖြစ်စေမည်။
12 ဤအမှုကိုနားလည်နိုင်သော ပညာရှိကား၊ အဘယ်သူနည်း။ ထာဝရဘုရား၏ နှုတ်တော်ထွက်ကိုခံ၍၊ ဤအမှု၏အကြောင်းကို ပြောနိုင်သောသူကား၊ အဘယ်သူနည်း။ အဘယ်သူမျှ ရှောက်၍မသွားနိုင်အောင်၊ တပြည်လုံးသည် တောကဲ့သို့ မီးလောင်၍၊ အဘယ်ကြောင့် ပျက်စီးသနည်း။
13 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ငါ့စကားကို နားမထောင်၊ သူတို့၌ ငါပေးသောတရားကို မကျင့်မစောင့်ဘဲ စွန့်ပစ်၍၊
14 မိမိတို့ စိတ်နှလုံး ခိုင်မာခြင်းသို့၎င်း၊ မိရိုးဘလာအတိုင်း ဗာလဘုရားတို့နောက်သို့၎င်း လိုက်ကြသောကြောင့်၊
15 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့ကို ဒေါနနှင့် ငါကျွေးမည်။ ဆေးခါးနှင့်ရောသော ရေကို တိုက်မည်။