ရု​သ 4:11-17 BJB

11 တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။

12 အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့် သင်၏အမျိုးအနွယ်သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။

13 ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။

14 မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။

15 သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည် သားယောက်ျားကိုဘွားမြင်ပြီဟု ပြောဆိုကြ၏။

16 နောမိသည်ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက်ထိန်းလေ၏။

17 အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့်မှည့်ကြ၏။ ဩဗက်သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။