ရု​သ 4:5-11 BJB

5 ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေးသည်ဟု ဆိုသော်၊

6 အမျိုးသားချင်းက၊ ကျွန်ုပ်သည်ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကို ကိုယ်အဘို့ရွေးပါတော့ဟုပြန်ပြော၏။

7 ဣသရေလရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။

8 သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။

9 ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊

10 သေသောသူ၏နာမည်ကို သူ၏ညီအစ်ကိုစုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည်အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။

11 တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။