2 သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကိုပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟုဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို၏။
3 ထိုငွေဆယ်တပိဿာကို အမိအားပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။
4 သို့ဖြစ်၍ ငါ့သားအား ယခုငါပြန်ပေးမည်ဟု ဆိုသော်လည်း၊ သားသည် ထိုငွေကို အမိအား ပြန်ပေး၏။ အမိသည်လည်း နှစ်ပိဿာကိုယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့်၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်၍ ရုပ်တုတို့သည် မိက္ခာအိမ်၌ ရှိ၏။
5 ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ၊ မိမိသားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
6 ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
7 ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင်ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည်၊ ဗက်လင်မြို့မှာ တည်းခို၍ နေပြီးလျှင်၊
8 တဖန် ထွက်သွား၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့်၊ ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက်လေ၏။