သူ​ကြီး 18:7-13 BJB

7 ထိုလူငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊

8 အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊

9 သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။

10 သွားလျှင် သတိမရှိသောလူမျိုးနှင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။

11 ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသားလူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။

12 သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။

13 ထိုအရပ်မှသွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။