သူ​ကြီး 20:10-16 BJB

10 ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာလူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊

11 ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။

12 ဣသရေလအမျိုးသားတို့သည်၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ်၍၊ သင်တို့တွင်ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း။

13 ယခုမှာ ဂိဗာမြို့၌ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက်အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ၏။ သို့ရာတွင် ဗင်္ယာမိန်အမျိုးသားတို့သည်၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ၊

14 ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ၊ အမြို့မြို့အရွာရွာကထွက်၍ ဂိဗာမြို့၌ စည်းဝေးကြ၏။

15 ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်းခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာမိန် အမျိုးသားအရေအတွက်ကား၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း။

16 ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့်၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင်ပစ်နိုင်သော ယောက်ျားကောင်း ခုနစ်ရာပါသတည်း။