19 ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်းရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာနေကြဟု အမိန့်တော်ရှိသည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
20 ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်းနေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
21 ဧဟုဒသည် လက်ဝဲလက်ကိုဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ဝမ်းကို ထိုးသဖြင့်၊
22 လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကိုလွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
23 ထိုအခါဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
24 ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည်လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက်ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
25 ရှက်ကြောက်သည်တိုင်အောင်ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။