သူ​ကြီး 4:14-20 BJB

14 ဒေဗောရကလည်း ထလော့။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက်၌ အပ်တော်မူသော နေ့ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော်၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ၏။

15 ထာဝရဘုရားသည် သိသရမှစ၍ သူ၏ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့်၊ သိသရသည် မိမိရထားမှဆင်း၍ ခြေဖြင့် ပြေးလေ၏။

16 ဗာရက်သည် ရထားများ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက်၍၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန်၏။

17 သိသရသည် ကေနိအမျိုးသား ဟေဗာ၏ မယားယေလ၏တဲသို့ ခြေဖြင့် ပြေး၏။ ထိုကာလ၌ ဟာဇော်ရှင်ဘုရင်ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း။

18 ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက်၍၊ သခင်ဝင်ပါ၊ ကျွန်မဆီသို့ ဝင်ပါ။ စိုးရိမ်တော်မမူပါနှင့်ဟု ခေါ်သည်အတိုင်း၊ သူသည် ယေလနေရာတဲထဲသို့ဝင်၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ၏။

19 သူကလည်း၊ ငါရေငတ်သည်၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင်၊ မိန်းမသည် နွားနို့ဘူးကိုဖွင့်၍ သောက်စေပြီးမှ တဖန် ခြုံလေ၏။

20 သူကလည်း၊ တဲတံခါးဝ၌ နေပါ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ၍မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ၏။