သူ​ကြီး 6:19-25 BJB

19 ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တကောင်ကို၎င်း၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့မုန့်ပြားတို့ကို၎င်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။

20 ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကိုယူ၍ ဤကျောက်ပေါ်မှာ တင်ထားလော့။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင်၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ၏။

21 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝေးကို ဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲက မီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်တို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။

22 ထာဝရဘုရား၏ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်၍ မြင်ရပါပြီ တကားဟုလျှောက်သော်၊

23 ထာဝရဘုရားက၊ ချမ်းသာပါစေ။ မစိုးရိမ်နှင့်။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ၏။

24 ထိုအရပ်၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ၏။ အဗျေဇာသား၏နေရာ ဩဖရရွာ၌ ယနေ့တိုင်အောင် ရှိသတည်း။

25 ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။