သူ​ကြီး 8:19-25 BJB

19 ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည်ဟု၊

20 မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ်ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။

21 ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။

22 ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သောကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆိုကြသော်၊

23 ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကိုအုပ်စိုးတော်မူရ၏ဟူ၍၎င်း၊

24 သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင်သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ်ကြသတည်း။

25 သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကိုခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ရသော နားတောင်းများကို ချထားကြ၏။