ဟေ​ရှာ​ယ 11:2-8 BJB

2 ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဥာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။

3 ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊

4 ဆင်းရဲသားတို့၏ အမှုကိုတရားတော်အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။

5 တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။

6 တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။

7 နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။

8 နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေ ဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။