ဟေ​ရှာ​ယ 19:15-21 BJB

15 အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်းမရှိရ။

16 ထိုကာလ၌ အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။

17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည် တဘက်၌ ကြံစည်တော်မူသော အကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြောကာမျှနှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်။

18 ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍၊ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်။

19 ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင် ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။

20 ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။

21 အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှုဒါနကို ဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်။